၄၀ ကျော်မှာ စတဲ့ ကျန်းမာရေး ပြဿနာများ
အသက် ၄၀ မှ ဘဝက စတယ်လို့ အနောက်တိုင်းအဆို ရှိပါတယ်။ အသက် ၄၀ ဟာ ဘဝစတဲ့အချိန် တကယ်ဟုတ်မဟုတ်က အငြင်းပွားစရာ ဖြစ်ပေမယ့် တချို့သော ဝေဒနာတွေကတော့ အသက် ၄၀ ကျော်မှ အစပြုတတ်တာ အသေအချာမို့ ကျန်းမာချင်သူတွေဟာ ၄၀ ကျော်တာနဲ့ အောက်ပါ ကျန်းမာရေးပြဿနာတွေကို ဂရုပြုသင့်ပါတယ်။
1. မကြာခဏ ဆီးသွားချင်ခြင်း
အသက်အရွယ်ရလာတဲ့အခါ ဆီးအိမ်ကို ထောက်ပံတဲ့ အာရုံကြောတွေက အားနည်းလာပြီး ဆီးအိမ်ကြွက်သားတွေကလည်း မာလာကာ ကျုံ့အားမကောင်းတော့တဲ့အတွက် ဆီးထိန်းထားနိုင်စွမ်း လျော့လာပြီး မကြာခဏ ဆီးသွားချင်တာ ဖြစ်လာတတ်ပါတယ်။ Kegel Exercises လို့ခေါ်တဲ့ အမျိုးသမီးတွေရဲ့ မွေးလမ်းကြောင်းနဲ့ ဆီးလမ်းကြောင်းမှာ ရှိတဲ့ ကြွက်သားတွေ အားကောင်းစေတဲ့ လေ့ကျင့်ခန်းတွေနဲ့ တချို့သော ဆေးတွေက ဒီပြဿနာကို ဖြေရှင်းပေးနိုင်ပါတယ်။
2. သွေးဆုံးကိုင်လက္ခဏာများ
အမျိုးသမီးတွေဟာ အသက် ၄၀ ကျော်တာနဲ့ သွေးမဆုံးသေးပေမယ့်လည်း ဟော်မုန်းအပြောင်းအလဲတွေကြောင့် စိတ်အပြောင်းအလဲမြန်တာ၊ ပူစပ်ပူလောင် ဖြစ်နေတာ၊ ရာသီမမှန်တာ စတဲ့ သွေးဆုံးကိုင်လက္ခဏာတွေ စတင်ခံစားလာရတတ်ပါတယ်။ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ဟော်မုန်းအစားထိုးကုသမှု ခံယူရင် သွေးဆုံးကိုင်လက္ခဏာတွေ သက်သာနိုင်ပါတယ်။
3. ဆီးလမ်းကြောင်းနဲ့ ဆီးကျိတ်ပိုးဝင်ခြင်း
အသက်ကြီးလာတဲ့အခါ မွေးလမ်းကြောင်းနံရံပါးလာခြင်းနဲ့ မွေးလမ်းကြောင်းထဲက pH level ပြောင်းလဲလာခြင်း စတဲ့အချက်တွေကြောင့် ဆီးလမ်းကြောင်းပိုးဝင်တာက အမျိုးသမီးတွေမှာ ပိုဖြစ်လေ့ရှိပါတယ်။ ဆီးကျိတ်ပိုးဝင်တာကတော့ အမျိုးသားတွေမှာသာ ဖြစ်တဲ့ရောဂါ ဖြစ်ပြီး ဆီးသွားရင်ပူတာ၊ မကြာခဏ ဆီးသွားချင်တာ စတဲ့ လက္ခဏာတွေ ဖြစ်တတ်ပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်တာနဲ့ ဆီးကျိတ်ပိုးဝင်တာအတွက် သင့်တော်တဲ့ ပိုးသတ်ဆေး သောက်ရန် လိုပါတယ်။
4. ကျောက်တည်ခြင်း
အသက်ကြီးလာပြီး ရေများများသောက်လေ့ မရှိသူတွေဟာ ကျောက်ကပ်ထဲမှာ ကျောက်တည်နိုင်ခြေ များပါတယ်။ ခါးနာတာ၊ ဗိုက်အောင့်တာ၊ ဆီးသွားရင်နာတာ စတဲ့လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ ကျောက်တည်တာအတွက် ရေများများသောက်ဖို့ လိုအပ်ပြီး ကျောက်သေးရင် ဆီးသွားတဲ့အခါ အလိုလို ပါသွားနိုင်ပေမယ့် ကျောက်က ကြီးနေရင်တော့ ခွဲစိတ်ကုသဖို့ လိုအပ်နိုင်ပါတယ်။
5. အဆစ်အမြစ်ရောင်ခြင်း
၄၀ ကျော်လာတဲ့အခါ ဒူးနာ၊ ခါးနာတာတွေလည်း ဖြစ်လာပါတယ်။ အရိုးအဆစ်တွေကြားမှာ ကူရှင်သဘောမျိုး ဖြစ်စေတဲ့ အရိုးနုလေးတွေဟာ ပွန်းပဲ့ပျက်ဆီးလာပြီး နာကျင်မှုတွေ ဖြစ်စေတာပါ။ ကယ်လ်ဆီယမ်၊ ဗိုက်တာမင်ဒီနဲ့ Antioxidants ကြွယ်ဝတဲ့ အစားအစာတွေ စားတာ၊ အလေးမတဲ့ လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်တာမျိုးက အရိုးအဆစ်တွေ သန်မာဖို့ အထောက်အကူ ပေးမှာပါ။
6. အမျိုးသားများ လိင်တံထောင်မတ်နိုင်စွမ်း လျော့လာခြင်း
အသက် ၄၀ ကျော်ပြီး အဝလွန်သူ၊ သွေးတိုးနဲ့ Metabolic Syndrome ရှိသူ အမျိုးသားတွေမှာ လိင်တံဆီကို သွေးစီးဆင်းမှု လျော့နည်းသွားတဲ့အတွက် လိင်တံထောင်မတ်နိုင်စွမ်းလည်း လျော့ကျလာတတ်ပါတယ်။
7. အရေပြားကင်ဆာ ဖြစ်နိုင်ခြေ မြင့်မားလာခြင်း
အသက်အရွယ် ရလာတာနဲ့အမျှ အရေပြားကင်ဆာနဲ့ မှဲ့ကင်ဆာ ဖြစ်နိုင်ခြေက ပိုများလာတာပါ။ အထူးသဖြင့် အကာအကွယ်မပါဘဲ နေပူထဲကို ထွက်လေ့ရှိသူတွေမှာ ပိုဖြစ်နိုင်ပါတယ်။ ဒါကြောင့် မှဲ့အသစ်တွေ ပေါ်လာတာ၊ အရေပြားမှာ ပြောင်းလဲတာတွေ ရှိမရှိ ဂရုထားကြည့်သင့်ပါတယ်။
8. သွေးဖိအားများလာခြင်း (သွေးတိုးဖြစ်နိုင်ခြေ များလာခြင်း)
အသက်ရလာရင် သွေးကြောနံရံတွေ မာလာပြီး သွေးတိုးဖြစ်နိုင်ခြေ များလာတတ်လို့ မကြာခဏ သွေးပေါင်ချိန်သင့်ပါတယ်။ သွေးတိုးရှိမှန်း သတိမထားမိရင် နောက်ဆက်တွဲ နှလုံးကို ထိခိုက်နိုင်ပါတယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်တာ၊ စိတ်ဖိစီးမှု လျှော့ချတာ၊ အငန်တွေ လျှော့စားတာ၊ အသီးအရွက်တွေ များများစားတာက သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။
9. စိတ်ပူပန် စိတ်ဓာတ်ကျလာခြင်း
၄၀ ကျော်အရွယ်ဟာ ဟိုတွေးဒီတွေး၊ ဘဝရှေ့ရေးတွေး၊ ပြီးခဲ့တာတွေ ပြန်တွေး စသဖြင့် တွေးတောပူပန်စရာတွေ များပြီး မိမိစိတ်ကို မထိန်းချုပ်ဘူးဆိုရင် စိတ်ပူပန်တာ၊ စိတ်ဓာတ်ကျတာတွေ ဖြစ်လာမယ့် အရွယ်ပါပဲ။ တရားထိုင်တာ၊ မိသားစု၊ မိတ်ဆွေတွေနဲ့ ရင်ဖွင့်ပြောဆိုတာ၊ လိုအပ်ရင် စိတ်ကျန်းမာရေး ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်တာမျိုး လုပ်ခြင်းဖြင့် သက်သာရာ ရာ ရစေနိုင်မှာပါ။
၄၀ ကျော်တိုင်းလည်း ဒီပြဿနာတွေ ဖြစ်ကိုဖြစ်မှာတော့ မဟုတ်ပါဘူး။ ၄၀ ကျော်အရွယ်မှာ စပြီး ဖြစ်လာနိုင်တဲ့ ပြဿနာတွေသာ ဖြစ်လို့ မိမိကိုယ်ကို သတိထားပြီး ကာကွယ်ကုသနိုင်ဖို့သာ လိုပါတယ်။ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်၊ ရေများများသောက်၊ အာဟာရပြည့်ဝအောင်စား၊ အိပ်ချိန်မှန်အောင် အိပ်ပြီး စိတ်ဖိစီးမှုနည်းအောင် နေနိုင်ရင် ဒီပြဿနာတွေ ဖြစ်မလာအောင် ကာကွယ်နိုင်ပါလိမ့်မယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်